BREAKING NEWS

ရီးယဲယ်မက်ဒရစ်နဲ့ လီဗာပူးလ်တို့ ကွာတားတက်

ချန်ပီယံလိဂ်ရဲ့ ရှုံးထွက် ဒုတိယအကျော့ပွဲတွေရဲ့ ပထမအနေ့အပြီးမှာတော့ လက်ရှိ ချန်ပီယံ ရီးယဲယ်မက်ဒရစ်နဲ့ ၅ကြိမ် ချန်ပီယံဟောင်း လီဗာပူးလ်တို့ ကွာတားဖိုင်နယ် တက်နိုင်ခဲ့ပါတယ်။

ပဲရစ်မှာ ကစားတဲ့ ပွဲမှာ ရီးယဲယ်ဟာ လူစုံမပါဝင်ပေမယ့် အကောင်းဆုံး ကစားနိုင်ခဲ့တာပါ။ အထူးသဖြင့် တိုနီခရုဇ်၊ မိုဒရစ်တို့ မပါဝင်တဲ့ ရီးယဲယ်ကွင်း လယ်ဟာ PSG ကွင်းလယ်ကို ယှဉ်နိုင်ခဲ့သလို ခံစစ်ပိုင်းကလည်း အကောင်းဆုံး ကစားခဲ့လို့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

၂ဂိုးပြတ်မှ နောက်တစ်ဆင့် တက်မယ့် PSGက ဖိအားတွေ များနေပြီး အိမ်ကွင်းမှာ ပရိသတ်တွေ မျှော်လင့်ထားသလောက် ခြေစွမ်း မပြနိုင်ခဲ့ဘဲ ရှုံးခဲ့တာပါ။ ပွဲအတွင်း ကွင်းလယ်ဒိုင်လူကြီးကို စောဒက တက်ခဲ့တဲ့ ဗာရာတီ အထုတ်ခံခဲ့ရတာကလည်း ရီးယဲယ်ကို အသာရစေခဲ့တာ ဖြစ်ပါတယ်။

ရီးယဲယ်အတွက် ဂိုးတွေကိုတော့ ၅၁မိနစ်မှာ ဒါနီ အဲဗက်စ်ရဲ့ အမှားကနေ ဗက်စကွက် ပေးတာကို ရော်နယ်လ်ဒို ခေါင်း တိုက်သွင်းခဲ့တာပါ။ အဲ့ဒီနောက် ဗာရာတီ အထုတ်ခံခဲ့ရတဲ့ PSG အတွက် ကဗာနီက ချေပဂိုးပြန်သွင်းခဲ့ပါတယ်။

အဝေးဂိုးပေးလိုက်ရလို့ တိုက်စစ်ဖွင့် ကစားနေတဲ့ PSGဖက်ကို ရီးယဲယ်က တန်ပြန်တိုက်စစ်တွေကနေ ဂိုးသွင်း ခွင့်တွေများစွာ ရခဲ့ပါတယ်။ မိနစ် ၈၀အပြည့်မှာ ကွင်းလယ်လူ ကတ်စ်မီးရိုး အနိုင်ဂိုးသွင်းလို့ ရီးယဲယ်က အဝေးကွင်းမှာ ၂-၁ဂိုးနဲ့ နိုင်ပြီး ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ပါတယ်။

တစ်ဖက် ပွဲမှာတော့ အဝေးကွင်းမှာ ဂိုးပြတ်နိုင်ထားတဲ့ လီဗာပူးလ်ဟာ လူအပြောင်းအလဲတွေလုပ်ပြီး ပေါ်တိုနဲ့ ဂိုးမရှိသရေကျခဲ့ပါတယ်။ ဒါကြောင့် လီဗာပူးလ်ကလည်း ၈နှစ်အတွင်း ကွာတားဖိုင်နယ် အဆင့်ကို ပြန်လည်တက်ရောက်နိုင်ခဲ့ပါတယ်။

source_bbc burmes





Leave a Reply

Your email address will not be published. Required fields are marked *