မြန်မာ့သရက်သီးများပြည်ပသို့တိုးမြင့်တင်ပို့နိုင်ရေးအစည်းအဝေးကျင်းပ

အရည်အသွေးကောင်းမြန်မာ့သရက်သီးများ ပြည်ပသို့ တိုးမြင့်တင်ပို့နိုင်ရေးအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ သိရပါတယ်။

အဆိုပါ အစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြင့်တင် ရေးအဖွဲ့က ကြီးမှူးပြီး နေပြည်တော်၊ ရုံးအမှတ် ၅၂ မှာ မနေ့က ကျင်းပပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

သရက်သီးရာသီပေါ်ချိန်ရောက်တော့မှာဖြစ်တဲ့အတွက် သရက်နဲ့ပတ်သက်တဲ့အကြောင်းအရာများကို ပြည့်ပြည့်စုံစုံဆွေးနွေးဖြစ်ခဲ့တယ်လို့ အဆိုပါ အစည်း အဝေးကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ သစ်သီး ဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းရဲ့ ဥက္ကဌ ဦးစိုးသန်း မင်းဒင်က ပြောပါတယ်။

“သစ်သီးဝလံတွေထဲက သရက်ကိုပေါ့ ပို့ကုန်မြှင့်တင်ဖို့အတွက်ကိုဆောင်ရွက်ကြဖို့ကို ဆွေးနွေးခဲ့ကြ တာပါ။ သရက်ရာသီ လည်းရောက်တော့ မှာဆိုတော့ လေ။ သရက်ရဲ့ ဈေးကွက်က တရုတ်ကိုတင်ပို့မှုက အဓိကကျနေတယ်ဆိုတော့ စိုက်ပျိုးမှုမှာ အရည်အသွေးကောင်းဖို့၊ ထုတ်ပိုးမှုကောင်းဖို့နဲ့ ဓာတ်ကြွင်း တွေမပါဝင်ဖို့အတွက် ဆွေးနွေးတယ်။ သရက်က တရုတ်ရဲ့  AQSIQ မှာတင်ပို့ခွင့်ကရွှေလီထိပဲရထား တော့ နယ်စပ်ကပဲသွားနေရတယ်။ အဲ့ဒါကို တရုတ်ရဲ့ အတွင်းပိုင်းထိပို့ဖို့အတွက် အစိုးရက G to G ချိတ်ဆက်ပေးဖို့အတွက်လည်း ဆွေးနွေးခဲ့ပါတယ်”

အစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြင့်တင်ရေး အဖွဲ့၊ မြန်မာ့သရက်ဈေး ကွက်နှင့်နည်းပညာဖွံ့ဖြိုး တိုးတက်ရေးအသင်းနဲ့ မြန်မာနိုင်ငံ သစ်သီးဝလံပန်း မန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းတို့မှ တာဝန်ရှိသူများတက် ရောက်ဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

 

#Agro_News

#Pissaya_Info ဝေဖြိုးနိုင်





Leave a Reply

Your email address will not be published. Required fields are marked *