BREAKING NEWS

မြန်မာ ယူ-၂၁ အသင်း ထိုင်းအသင်းကို အနိုင်ရရှိ

ဗီယက်နမ်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် U21 International Football Tournament 2017 ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်အဖြစ် မြန်မာ ယူ-၂၁ အသင်းနှင့် ထိုင်း ယူ-၂၁ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာ ယူ-၂၁ အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာ ယူ-၂၁ အသင်းသည် ပထမပွဲစဉ်မှ လူစာရင်းအား တစ်ယောက်သာ အပြောင်းအလဲ ပြုလုပ်ပြီး ထိုင်းအသင်းကို ရင်ဆိုင်ခဲ့သည်။ မြန်မာအသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၃၆ မိနစ်တွင် ဟိန်းထက်အောင်က အနီးကပ် ပိတ်သွင်းယူပေးခဲ့ပြီး ပထမပိုင်းတွင် မြန်မာ အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။

ဒုတိယပိုင်းတွင် ထိုင်းအသင်းက ချေပဂိုး ရရှိရန် တိုက်စစ်မြှင့်တင်ကစားလာခဲ့သော်လည်း မြန်မာအသင်း နောက်တန်းကစားသမားများ စနစ်တကျ တားဆီးထားနိုင်ခဲ့သည်။ ပွဲချိန် (၆၇) မိနစ်တွင် ထိုင်းနောက်ခံလူ အမှားမှတစ်ဆင့် အီစိုး အပိုင်ပိတ်သွင်းယူရန် ကြိုးစားခဲ့ သော်လည်း ထိုင်းဂိုးသမား Philakhlang ဂိုးစည်းအပြင်ဘက်တွင် လက်ဖြင့် ပုတ်ထုတ်ခဲ့သဖြင့် ကွင်းလယ်ဒိုင်က အနီကတ်ပြ ထုတ် ပယ်ခဲ့သည်။ ထို့နောက် မြန်မာအသင်းကသာ ပွဲကို စနစ်တကျ ထိန်းချုပ်ကစားသွားခဲ့သောကြောင့် ပွဲအပြီးတွင် မြန်မာအသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာ ယူ-၂၁ အသင်း နည်းပြချုပ် ဦးကြည်လွင်က “ ပထမဆုံး ကျွန်တော့်ကစားသမားတွေအတွက် ဂုဏ်ယူပါတယ်။ နည်းပြတွေ မှာထားတဲ့အတိုင်း အတိအကျ လိုက်ကစားနိုင်ခဲ့တဲ့အတွက် အနိုင်ရလဒ်ကို ရရှိခဲ့ပါတယ်။ ထိုင်းအသင်းက တောင်ပံတွေကို အားပြုကစားသွားပြီး ကျွန်တော်တို့က စနစ်တကျ ပိတ်ဆို့ထားနိုင်ခဲ့တာကြောင့် သူတို့ ဂိုးမရခဲ့တာပါ။ ဗိုလ်လုပွဲတက်ဖို့တော့ အသင်းအားလုံးမှာ အခွင့်အရေး ရှိနေပါသေးတယ်။ တစ်ပွဲချင်းစီ အာရုံစိုက်ကစားသွားမှာပါ” ဟု ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။

Source – Myanmar Football Federation





Leave a Reply

Your email address will not be published. Required fields are marked *