BREAKING NEWS

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုအတွက် အရေးပါလာမယ့် ရခိုင်ပြည်နယ် မောင်တောနယ်စပ်က ကညင်ချောင်းစီးပွားရေးဇုန်

မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ကုန်သွယ်မှုလုပ်ငန်းအတွက် အရေးပါလာမယ့် ရခိုင်ပြည်နယ် မောင်တောမြို့ ကညင်ချောင်း စီးပွားရေးဇုန်တည်ဆောက်ရေးလုပ်ငန်းစတင်ခြင်း ဖွင့်ပွဲအခမ်းအနားကို အခုလ ၁ ရက် နေ့ နံနက် ၉ နာရီ မှာ ကျင်းပပြုလုပ်ပေးခဲ့တာလည်းဖြစ်ပါတယ်။

ကညင်ချောင်းစီးပွားရေးဇုံမှာ မောင်တောမြို့ အနောက်မြောက်ဘက် နှစ်မိုင်အကွာ ကညင်ချောင်းနံ ဘေးမှာတည်ရှိ တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိပ်ကမ်းနဲ့ လေးမိုင်သာ ကွားဝေးပြီး တန်ချိန်မြင့် သဘောင်္များလည်းဆိုက်ကပ်နိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

အဆိုပါ စီးပွားရေးဇုန်မှာ ကုန်သွယ်ရေးနဲ့ ဆက်စပ်နေတဲ့ သား၊ငါး၊ပုဇွန် သိုလှောင်ရုံနဲ့အအေးခန်းများ၊ အထည်ချုပ် လုပ်ငန်းများ၊ ကုန်ပစ္စည်းသိုလှောင်ရုံ၊ ရုံးခန်း တည်ဆောက်မှုနဲ့ လူနေအဆောက်အအုံများ ပါဝင်မှာဖြစ်ပြီး ယခုအခါ လမ်းပန်းဆက်သွယ်မှုများကောင်းမွန်ရန်အတွက်လည်း လမ်းများကိုပြင်ဆင် လျက်ရှိနေတာဖြစ်ပါတယ်။

ကညင်ချောင်းစီးပွားရေးဇုန် လုပ်ငန်းများ ပိုမိုလည်ပတ် လုပ်ဆောင်လာနိုင်ပါက ဘင်္ဂလားဒေ့ရှ် နိုင်ငံကို တရားမဝင် ကုန်သွယ်မှုတွေကနေ တရားဝင်ဖြစ် လာပြီး ဆန်၊ စပါး ကဏ္ဍအတွက်လည်း အရင် ကုန်ကြမ်းထွက်ရှိမှုများမှ ကုန်ချော အထိထုတ်လုပ် ဆောင်ရွက်သွားနိုင်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ရဲ့  ရုံးအဖွဲ့မှူး ဦးမြင့်လွင် သုံးသပ် ပြောကြားပါတယ်။

“အခုလက်ရှိ လုပ်နေတဲ့ လုပ်ငန်းတွေအရတော့ အဲ့စီးပွားရေးဇုန်နဲ့ ဆက်စပ်ပြီးတော့ စိုက်ပျိုးဆိုင်ရာက တော့ အများကြီး အကျိုးစီးပွားဖြစ်ထွန်းနိုင်တယ်။ အဲ့ဒီမှာ ပရောဂျက်တွေကိုလည်း အသင်းချုပ်အနေနဲ့ ထည့်သွင်းဖို့လည်း စီမံဆောင်ရွက် ဖို့တော့ရှိတယ်။ အခုက ပရောဂျက်တွေက စတုန်းရှိသေးတယ်။ အဓိက ကတော့ ဒီရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ကုန်သွယ်မှုက ဒီဒေသမှာရှိတဲ့ ဆန်၊ စပါးက လက်ရှိက ပိုလျှံနေတာပေါ့ ဒါကို တရားဝင်ထွက်ပေါက်အနေနဲ့ ဒီဇုန်ကနေ ပို့ဖို့ပေါ့။ အဓိက ကတော့ ကျွန်တော်တို့ ကဏ္ဍအနေနဲ့က ဆောင်ရွက်မှာပါ။ အရင်က တရားမဝင်ထွက်တာတွေကနေ နယ်စပ် ကုန်သွယ်ရေးကနေ တရားဝင် ဆန်၊ စပါးထွက်နိုင်အောင်ပေါ့။ အဲ့ဒီကနေ ဆန်ကနေ ကုန်ချောထုတ် တဲ့ စက်ရုံတွေ တည်ဆောက်ဖို့အတွက် ဆောင်ရွက်နေတယ်။ ဆန်စက်တွေလည်း လိုရင်လိုသလို တည်ဆောက်သွားမယ်။ ဘာတွေလိုအပ်သွားမလည်း လေ့လာနေဆဲပါပဲ။ ဘင်္ဂလားဒေ့ရှ် နဲ့က ဆန်ကို MOU လက်မှတ်ထိုးထားတာလည်းရှိတယ်။ အဲ့ဒါကို ရန်ကုန်ကနေတင်တာတစ်ခုတင် မဟုတ်ဘဲနဲ့ စစ်တွေ၊ ဒါမှမဟုတ် အခုဇုန်ကနေလည်း တင်ပို့ဖို့ မျှော်လင့်ပါတယ်။ မောင်တောဒေသကလည်း ရခိုင်ပြည်နယ် တစ်ခုလုံးရဲ့ တစ်ဝက်ကျော်လောက်ရဲ့ ဆန်စပါးစိုက်ပျိုးထုတ်လုပ်တဲ့ ဧရိယာပေါ့ ရေမြေ အခြေအနေလည်းကောင်းတယ်။ အရင်ကတော့ ဒီကထုတ်လုပ်တဲ့ဟာက ကုန်ကြမ်းတွေပဲထွက်တာ များတယ်။ တရားမဝင်ထွက်သွားတာလည်းများတယ်ပေါ့။ အခုကတော့ ကုန်ချောတွေလည်း ထုတ် လုပ်လာနိုင်မယ်။ ဆန်စပါးကဏ္ဍအတွက်လည်း ပိုမိုဖြစ်ထွန်းလာနိုင်ပါတယ်”

ကညင်ချောင်းစီးပွားရေးဇုန်မှာ ကုန်သွယ်မှုလုပ်ငန်းများလည်ပတ်လာပါက စိုက်ပျိုးရေးကို အဓိကထား လုပ်ဆောင်ပြီး မွေးမြူရေးကိုတွဲ ဖက်လုပ်ဆောင်ပါက ပိုမိုအဆင်ပြေစေမှာ ဖြစ်ကြောင်း မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ ဒေါက်တာ လှလှသိန်း က ပြောပါတယ်။

“အဓိက ကတော့ဈေးကွက်ပေါ့နော်။ အဲ့မှာက စိုက်ပျိုးရေးဖြစ်ထွန်းတယ်လေ။ စီးပွားရေးအနေနဲ့ လုပ်မယ်ဆိုရင် စက်မှုသီးနှံလိုမျိုး ဥပမာ-ဌက်ပျောပင်စိုက်မယ် ဌက်ပျောပင်ကနေ ဌက်ပျောအခြောက် လုပ်မလားပေါ့။ အဲ့တော့ စိုက်ပျိုးရေးလုပ်တိုင်းမှာ ဆန်စပါးဆိုလည်း အနည်းဆုံး ကောက်ရိုးလိုဟာမျိုး ထွက်လာမယ်။ အဲ့ဒါဆို နွားလိုဟာမျိုးကို မွေးလို့ရလာမယ်။ တစ်ဖြည်းဖြည်းပိုမိုကောင်းလာမယ်ပေါ့။ အဲ့လိုပုံစံမျိုးတွေကို သေချာလေးတော့လုပ်ရမှာပေါ့။ စိုက်ပျိုးရေးကိုဆောင်ရွက်ပြီး မွေးမြူရေးကို တွဲဖက်လုပ်ရင်တော့ အကောင်းဆုံးပေါ့ အဲ့ဒါဆိုပိုပြီးကောင်းမယ်လို့တော့ မြင်မိတယ်”

အဆိုပါ ဇုန်ကနေပြီးတော့ မြန်မာနိုင်ငံမှ ထွက်ရှိတဲ့လယ်ယာထွက်ကုန်တွေကို လွယ်ကူစွာ ကုန်သွယ်မှုမှာ အရင်ကထက် လုပ်ဆောင်နိုင်ပြီး ကုန်ကျစရိတ်ပိုမိုသက်သာစွာနဲ့ အဆင်ပြေစွာပိုမို လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများအသင်းရဲ့ အတွင်းရေးမှူး ဦးကျော်သူက သုံးသပ်ပြောကြားပါတယ်။

“သစ်သီးဝလံ ကဏ္ဍအနဲ့အများဆုံးသွားတာ ဆိုရင်တော့ ဂျင်းပေါ့နော်။ မြန်မာတစ်နိုင်ငံလုံးက ထွက်တဲ့ ဂျင်းက ၈၀ ရာခိုင်နှုန်းက ဘင်္ဂလားဒေ့ရှ်ကို သွားတယ်ပေါ့နော်။ သွားတဲ့လမ်းကြောင်းက ရှမ်းတောင် ပိုင်း ဟိုပုံး၊ ဟဲဟိုး ကနေ မောင်တောကနေသွားတာရော၊ စင်ကာပူက နေ စစ်တကောင်း ဘက်ကို သွားတာ ဂျင်းစိမ်းပေါ့နော်။ ကျန်တဲ့သီးနှံကတော့ သွားပေမယ့်နည်းတယ်။ ဘင်္ဂလားဒေ့ရှ် ကလူဦးရေ ကျွန်တော်တို့ထက်များ တော့ဘာရောင်းရောင်းတော့ဝယ်တယ်။ နဂိုတုန်းကလမ်းကြောင်း ကနည်း နည်းတော့ ခက်တယ်။ အခုဒီဇုန်မှာ သဘောင်္တွေကပ်နိုင်နေပြီ ။ အဲ့ဒါဆိုရင် ကုန်သွယ်မှု ပိုမိုအဆင်ပြေ တယ်ပေါ့။အဲ့ဒီဇုန်ကနေ ဟိုဘက်ကို သဘောင်္လမ်းကြောင်းနဲ့ဆိုရင်တော့ ကုန်ကျစရိတ်သက်သာမှာ ပေါ့။ ဒီဘက်က ကုန်တွေပို့ ဟိုဘက်က လိုအပ်တဲ့ ကုန်တွေပြန်သွင်းပေါ့။ အရင်ထက်စာရင် ပိုပြီးတော့ ကောင်းမွန်လာမှာပါ။ အခုဟာက ပြည်နယ်အစိုးရက ၆၅ ရာခိုင်နှုန်း၊ ပုဂ္ဂလိက က ၃၅ ရာခိုင်နှုန်းဆိုတော့ အစိုးရပါဝင်တဲ့အတွက် ပိုပြီး အဆင်ပြေလာမှာပါ။ ဘက်ဂျက် အနေနဲ့က အစိုးရက သိန်း တစ်သောင်းငါးထောင်နဲ့ ပုဂ္ဂလိက က သိန်း ခုနှစ်ထောင်နဲ့ စုစုပေါင်း ကျပ် သိန်းပေါင်း နှစ်သောင်းနှစ်ထောင်နဲ့ လုပ်ဆောင်နေတာဖြစ်တယ်လို့သိရပါတယ်”

ကညင်ချောင်းစီးပွားရေးဇုန်ကို ဧက ၂၀၀ ထိတိုးချဲ့ လုပ်ဆောင်ရန်မျှော်မှန်းထားပြီး ပထမအဆင့်အနေ နဲ့ ဧက ၁၀၀ တွင်တည်ဆောက်သွားမှာဖြစ်ကာ လက်ရှိတွင် အဆောက်အအုံများ ဆိပ်ကမ်းများ  ဆောက်လုပ်ပြီးဖြစ်ပါတယ်။ ကုန်သွယ်ရေးကို အဓိကထားလုပ်ဆောင်သွားမှာဖြစ်ပြီး စီးပွားရေး အဆောက်အအုံ များကိုလည်းတည်ဆောက် သွားမှာဖြစ်ပါတယ်။

အဆိုပါ ကညင်ချောင်းစီးပွားရေးဇုန်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံအပြင် အိန္ဒိယနိုင်ငံကိုပါ ကုန်သွယ်မှုပြုနိုင်မှာ လည်းဖြစ်ပါတယ်။ ရန်ကုန်အပါအဝင် ပြည်တွင်းအခြားဒေသများက သဘောင်္များပါ ကညင်ချောင်းစီး ပွားရေးဇုန်မှာ ဆိုက်ကပ်ပြီး ကုန်သွယ်လို့ ရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးနှင့် စီမံ၊ ဘဏ္ဍရေးဝန်ကြီး ဦးကျော်အေးသိန်းက လည်းပြောကြား ထားပါတယ်။

#သတင်းဆောင်းပါး

#ဝေဖြိုးနိုင်/Pissaya_Info





Leave a Reply

Your email address will not be published. Required fields are marked *